Knowledge to action
သျှင်နေမင်း ( စိုက်/ မွေး )
ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိမြို့လည်ခေါင်တွင် Baiyoke Skye tower ကြီးမှာ တုပသူမရှိထီးထီးကြီးရပ်တည်နေသည်။ သူ့နဘေးမလှမ်းမကမ်းတွင် ပသူနန်းဈေးကြီးသည် လည်း နေ့ညမပျက် ကမ္ဘာအရပ်ရပ်မှ ဈေးဝယ်သူများနှင့် ကြက်ပြန်မကျစည်းကားနေတယ်။၎င်းဈေးနှင့်အပြိုင် Indra Square Centre မှာလည်း သူအပြိုင်ကိုယ်အပြိုင် ရောင်းဝယ်သူများနှင့် ရှုပ်ထွေးနေတော့သည်။ ထိုစင်တာရှိ number 9 ဆိုသော အမျိုးသားဝတ် ဖက်ရှင်ဆိုင်တစ်ဆိုင်တွင် စာရေးသူ အရောင်းစာရေးအဖြစ် အလုပ်လုပ်ဖူးတယ်။ တစ်နေ.ဘတ်ငွေ ၃၀၀ ဖြင့်စတင်လုပ်ကိုင်ခဲ့ရတယ်။ ထိုစဉ်ကစာရေးသူမှာ ထိုင်းဘာသာစကားကိုအနည်းငယ်သာ တတ်ကျွှမ်းနားလည်ခဲ့တယ်။
တစ်နေ့တော့စာရေးသူအလုပ်လုပ်သောဖက်ရှင်ဆိုင်နှင့်မျက်နှာခြင်းဆိုင် အရုပ်ဆိုင်တွင် စာရေးသူနှင့်အသက်၂ နှစ်ခန့်ငယ်ပုံထင်ရသည့် ကောင်လေးတစ်ယောက်အလုပ်လာလျှောက်ခဲ့တယ်။ သူနှင့် ဆိုင်ရှင်ပြောနေသောစကားကို ကောင်းစွာကြားနိုင်သောနေရာတွင် စာရေးသူရှိနေခဲ့တယ်။ သူတို့နှစ်ဦး၏ အင်တာဗျူးလေးဟာ သာမာန်လေးပါပဲဒါပေမယ့် ထိုသာမာန်လေးမှ စာရေးသူအဖို့ သင်ခန်းစာ,အတုယူစရာ မမျှော်လင့်ပဲရလိုက်တယ်။ အင်တာဗျုးတစ်ခုလုပ်တယ်ဆိုတာ သာမာန်အားဖြင့် မိမိအရည်အချင်း နှင့် အလုပ်ရှင်၏လိုလားချက်ညှီုယူခြင်းလို့သတ်မှတ်နိုင်တယ်။ တစ်နည်းအားဖြင့် အားပြိုင်ပွဲလို့လည်း ယူဆလို့ရတယ်။ အလုပ်လျှောက်သူ၏ ယုံကြည်မှု ( မိမိကိုယ်ကိုယ်) , တည်ကြည်မှု, ကိုယ်ရည်ကိုယ်သွေး, စိတ်ကူးစိတ်သန်း, အလုပ်အပေါ်စိတ်ဝင်စားမှု , ကျွမ်းကျင်မှု, သူတစ်ဦးကိုလိုက်လျောညီထွေပေါင်းသင်းနိုင်မှု တို့နှင့် အလုပ်ရှင်၏ အလုပ်သမားအပေါ်ထားသော စိတ်ဓါတ်,စာနာမှုရှိမရှိ, အတ္တနည်းခြင်းများခြင်း, နားလည်မှု, ဘက်မျှမှုတို့အားပြိုင် ချိန်ခွင်လျှာညှီုသော အင်မတန်ကိုစိတ်ဝင်စားစရာ အချိန်ကာလလည်းဖြစ်တယ်။
စာရေးသူကိုယ်တိုင်ကလည်း အလုပ်အတွက်အင်တာဗျုးရခြင်းကို အင်မတန်မှနှစ်ခြိုက်ခဲ့တယ်။ ငယ်စဉ်ကဆိုလျှင် ကျောင်းအားရက်, အလုပ်ပိတ်ရက်များတွင် ရန်ကုန်မြို့အတွင်း အလုပ်အင်တာဗျုးများကို တမင်တကာအချိန်ကုန်ခံပြီး အမေးအဖြေလုပ်လေ့ရှိတယ်။ ထားပါတော့။ Indra centre က အင်တာဗျုးလေးစီသွားကြရအောင်။ ထိုသူငယ်မှာ အင်္ဂလိပ်စာကို ရောင်းဝယ်တတ်လောက်အောင်တော့ပြောတတ်ဆိုတတ်ပုံရသည်။ ဆိုင်ရှင်အဓိကလိုအပ်နေသော အရောင်းစာရေးမှာ သူ့ဆိုင်ရှိ အရုပ်လေယဉ်, ဟက်လီကော်ပတာ များကိုကျွမ်းကျင်စွာ ထိန်းချုပ်မောင်းနှင်တတ်သောသူကိုလိုချင်ပုံရတယ်။ ဆိုင်ရှင်က ကောင်းလေး၏ပြောဆိုပုံကိုသဘောကျသော်လည်း ထိုကောင်လေးမှာ အရုပ်များကိုကောင်းကင်မှာ ပျံဝဲနေအောင်မကစားတတ်ပေ။ ဆိုင်ရှင်ကသူအား ရဟတ်ယာဉ်လေးများကို လေပေါ်ပျံဝဲနိုင်အောင်မောင်းတတ်ရင် တစ်လလျှင်လစာငွေ ၁၂၀၀၀฿ ပေးမယ်။ မမောင်းတတ်ရင်တော့ ၉၀၀၀ ဘတ်ငွေသာရမယ် လို့ပြောခဲ့တယ်။ ထိုစဉ်က ဘတ် ၉၀၀၀ ဆိုသည်မှာလည်းမနည်းပေ။ အဲ့ဒီအခါမျိုးမှာ တော်ရုံတန်ရုံလူဆိုလျှင်တော့ ဘတ် ၉၀၀၀ ဖြင့်သာအလုပ်လုပ်လိမ့်မယ်ထင်တယ်။
သို့ပေသည့် ဒီကောင်လေးရဲ့စကားကြောင့် စာရေးသူရုတ်တရတ်နားမလည်ဖြစ်သွားသည်။ ကောင်းလေးမေးလိုက်သောစကားမှာ " ရဟတ်ယဉ်တစ်စီးဘယ်လောက်လဲ" တဲ့။ ဆိုင်ရှင်က ၉၀၀ လို့ပြန်ဖြေခဲ့တယ်။ ကောင်လေးလည်း ၉၀၀ ပေးပြီးဘာမပြောညာမပြောနဲ့လှည့်ပြန်သွားခဲ့တယ်။
၃ , ၄ ရက်ကြာသောအခါကောင်လေးပြန်ရောက်လာတယ်။ သူကဆိုင်ရှင်ကို ပြောတယ်။ သူကိုတစ်လ ၁၂၀၀၀ ဘတ်ပေးပြီး အဲ့ဒီဆိုင်မှာအရောင်းစာရေးခန့်ဖို့ပြောလိုက်တယ်။ ဆိုင်ရှင်ကလည်း သူ့ကို ရဟတ်ယာဉ်မောင်းခိုင်းတော့တာပေါ့။ ဒီသူငယ်လည်း ကျွမ်းကျင်စွာမောင်းပြလိုက်တယ်။ ဒါနဲ့သူ အဲ့ဒီဆိုင်မှာ အလုပ်ရသွားတယ်။ ကဲ့ဘယ်လောက်တော်တဲ့ ကောင်လေးလဲ။ သူနေရာမှာ စာရေးသူဆိုရင် ဒီလိုအတွေးမျိုးပေါ်မှာမဟုတ်ဘူး။ အလုပ်ကရနေပြီပဲ ဒါပေမယ့် ကျွမ်းကျင်မှုစွမ်းအင်လေးတစ်ခုကြောင့် ဘတ်ငွေ ၃၀၀၀ ကွာနေတယ်နော်။ သူသာပေါ့ပျက်ပျက်နဲ့ ငါအလုပ်လုပ်ရင်သင်သွားရင်ရတာပါပဲဆိုပြီးသာနေခဲ့ရင်။ တစ်နှစ်သာကြာသွားမယ် အလုပ်ရှင်ကသူ့ကို လစာ ၃၀၀၀ တိုးပေးမှာမဟုတ်ဘူး။
စာရေးသူကတော့ ဒီသူငယ်ရဲ့ဆုံးဖြတ်ချက်ခိုင်မှာပုံ ဖြတ်ထိုးဥာဏ်ကောင်းပုံတွေကို ချီးကျုးလေးစားနေတာ ယနေ့အထိပါပဲ။ တော်ရုံတန်ရုံဘွဲ့ရထားတဲ့လူတောင် ဒီလိုအခြေအနေမျိုးမှာ သူ့လိုအတွေးတွေတွေးမိမှာမဟုတ်ဘူး။ တစ်ဆက်တည်းမှာပဲငယ်စဉ်က ဆရာတွေပြောပြဖူးတဲ့ ယောအတွင်းဝန်မင်းဦးဘိုးလှိုင်ကိုတောင် စိတ်ကူးထဲမှာပြေးမြင်လိုက်မိသေးတယ်။ မိုးကုတ်ကို ပြင်သစ်ထံရောင်းဖို့ သဘောတူပြီးမှ ဆင်ခြင်ဥာဏ်မဲ့တဲ့ ဘုရင်သီပေါ ခြေမကိုင်လက်မကိုင်ဖြစ်တော့ ဦးဘိုးလှိုင် ဖြေရှင်းပုံက စာဖတ်သူမျင်စိရှေ့မှာဖြစ်နေခဲ့သလိုမြင်ရောင်ခဲ့ဖူးတယ်။ ပတ္တမြားငမောက်ကိုပြပြီး ကုန်သည်တွေကို ဈေးဖြတ်ခိုင်းတယ်။ ကုန်သည်တွေက ငမောက်ကိုဈေးဖြတ်ဖို့ မဖြတ်နိုင်တဲ့အခါ ရယ်မောပြီး " ငမောက်တစ်လုံးတောင်ဈေးမဖြတ်နိုင်တာ မင်းတို့ကအဲ့ဒီလို ရတနာတွေမြောက်မြားစွာထွက်တဲ့ မိုးကုတ်ကိုဝယ်မယ်ဆိုတာ အိပ်မက်လိုဖြစ်နေမှာပေါ့" ဆိုပြီး စာချုပ်ကိုဆွဲဗြဲ ခဲ့တာလေးကို မြင်ယောင်မိတော့ ဦးဘိုးလှိုင်ရဲ့ ဖြတ်ထိုးဥာဏ်ကို လေးစားကြည်ညိုမိပြန်တယ်။ အခုလည်းဒီသူငယ်ရဲ့ ဖြတ်ထိုးဥာဏ်ကလည်း ချီးကျုးထိုက်ပါပေတယ်။
အချို့က ကိုယ်မြင့်ဖို့သူများကိုနင်း ပုဂ္ဂိုလ်စွဲနဲ့ အကောက်ကြံ နေရာကောင်းကိုရဖို့ကြံကြတယ်။ ဒီလူငယ်ကတော့ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ထား အရင်းအနှီးတစ်ခုကို ထိုက်တန်အောင်ပြုပြီးမှ အမြင့်ကိုယူတတ်တဲ့စိတ်, မြင်လည်းမြင့်မြတ်ပါပေတယ်။ စာဖတ်သူလူငယ်တို့လည်းသူ့ရဲ့ ရင်းနှီးမှုကနေ စစ်မှန်သောအောင်မြင်မှု ယူတတ်ပုံကိုအတုယူတတ်ကြပါစေ…
Be different!
— with Min Min Chit and 78 others. သျှင်နေမင်း ( စိုက်/ မွေး )

0 comments:
Post a Comment