
Knowledge to action
သျှင်နေမင်း ( စိုက် / မွေး )
ယနေ့ခေတ်ကြီးကား ရေသာခိုလို့မဖြစ်တော့ အရည်အသွေးရှိသူ အရည်အချင်းရှိသူတို့သာ နေရာရပြီး အရည်အသွေးညံဖျင်းသူတို့ကား နောက်လိုက် ထီးမိုးဖိနပ်ကိုင် ဖြစ်နေသည်မှာ စာဖတ်သူလူငယ်တို့အမြင်ဖြစ်သည်။ ဘွဲ့ရဆိုက်ကားသမား, ဘွဲ့ရရေခဲ့ရေသည်, ဘွဲ့ရ ပဲပြုတ်သည်, ဘွဲ့ရဂျာနယ်လက်ပွေ့ရောင်းသူ, ဘွဲ့ရကွမ်းယာ ငုံးဥပြုတ်ရောင်းသူတွေ စာဖတ်သူတို့ လူ့အသိုင်းအဝိုင်းတွင် အမြောက်အမြား မြင်ဖူးကြသည်မဟုတ်ပါလား။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အစောပိုင်းက " လူငယ် နှင့် အချိန်ကိုခွဲဝေအသုံးချခြင်း" "လူငယ်နှင့် ပညာ" စသောခေါင်းစဉ်များဖြင့် ဖေါ်ပြခဲ့ပြီးဖြစ်သည်။ စာရေးသူတို့လူငယ်အများစုမှာ ရေလိုက်လွဲ တလွဲဆံပင်ကောင်းနေခြင်းက ဤဆောင်းပါလေးဖြစ်လာရန်တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အောင်မြင်လိုစိတ်, ကျော်ဇော်ထင်ပေါ်လိုစိတ်, အများအကျိုးကိုဆောင်ရွက်လိုစိတ်ရှိသူသည် မိမိလိုအပ်ချက်ကို အမြဲတစ်လစက် ဖြည့်တင်းပြုပြင်နေကြသည်။ အရည်အချင်းရှိသောဘွဲ့ရ ပညာတတ်တစ်ယောက်သည် ဆိုက်ကားသမားဖြစ်သော်လည်း ခေတ္တာခဏ သာဖြစ်လိမ့်မည်။ သစ်မရခင်ဝါးကူသာဖြစ်ပေလိမ့်မည်။ သို့သော်ဘွဲ့ရပြီး ဆိုက်ကားနင်းခြင်းဖြင့်သာ တစ်သက်လုံး အသက်မွေးဝမ်းကြောင်းပြုသူကိုတော့ အရည်အချင်းမပြည့်မှီသူ, အစွမ်းအစမရှိသူ, ရေသာချိုအချောင်လိုက်ခဲ့သူလို့သာ မညှာမတာပြောရပေတော့မည်။ ယနေ့ခေတ်ကြီးကား သူများနှင့်အပြိုင် ကိုယ်ကအစစအရာရာရှေ့ကရောက်အောင် ပြေးလွှားနေရသောခေတ်ကြီးဖြစ်သည်။ လောကီရေးရာတွင် အမြင့်ဆုံးနေရာကိုမရောက်ရင်တောင် အလယ်အလတ်ဆိုသောနေရာတွင် တည်တံ့နေအောင် ပြင်ဆင်မှု,လေ့လာမှု, ကြိုးပမ်းအားထုတ်မှုများအား အဆက်မပြတ်ကို လုပ်ဆောင်နိုင်မှတော်ကာကြတော့မည်။
ငါငယ်ငယ်ကကြိုးစားခဲ့တာ ကြီးလာရင်အေးအေးလူလူနေဖို့ဆိုတောတွေးခေါ်မှုမှာ ဟိုးလွန်ခဲ့သော ဆယ်စုနှစ်က မှန်ချင်မှန်ခဲ့လိမ့်မည်။ မျက်မှောက်ကာလမှာကား အရင်ကလည်း ကြိုးစားခဲ့ရသလို ယခုလည်းကြိုးစားနေရမည်, နောင်လည်းကြိုးစားနေရပေအုန်းမည်။ မိမိကတစ်ချက်ကလေးရပ်လိုက်တာနဲ့ မိမိနောက်မှ အရှိန်ပြင်းပြင်းနှင့်မောင်းနှင်လာသော ပြိုင်ကားက မိမိနေရာကိုယူပြီး ကျော်တက်သလို မိမိနှင့်အပြိုင်ကြိုးစားသူတွေက ကျော်တက်နေရာယူ သွားပေလိမ့်မည်။ မိမိပတ်ဝန်းကျင်က ရေသာခိုအချောင်လိုက်သူဦးရေ များပြားနေသောအခါတွင်မတော့ မိမိကိုယ်ကိုယ်မိမိ ထိပ်ဆုံးရောက်နေသည်ဟု ထင်ကောင်းထင်နိုင်သည်။ သို့သော်သူအပြိုင်ကိုယ်အပြိုင် ဘဝကိုပြင်ဆင်ကြိုးစားသူများနှင့် သင်ကြုံတွေ့သောအခါ သင်နေရမည့်နေရာကို သင်ဘာသာရွေးချယ်သွားပါလိမ့်မည်။
လူငယ်အများစုမှာ တစ်ချိန်က မီးကုန်ယမ်းကုန်ကြိုးစားခဲ့သည်။ ထိုကြိုးစားမှုကြောင့်လည်း မိမိနှင့်ထိုက်တန်သောနေရာမျိုးတွင် နေရသည်, အလုပ်လုပ်ရသည်။ သို့သော်ထိုနေရာမှာပင် ကြာရှည်စွာနေနေကြသည်။ ဘာကြောင့်အဲ့ဒီနေရာ အဆင့်မှာကြာမြင့်စွာနေကြရပါသလဲ။ အဆိုပါလူငယ်လေးကား ကြိုးစားမှုအရှိန်နည်းသွားခြင်း နှေးကွေးသွားခြင်းကြောင့်ဖြစ်သည်။ ယနေ့ခေတ်တွင် ပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်မြန်လွန်သောကြောင့် မျက်စိဒေါက်ထောက်ပြီး မိမိလိုအပ်ချက်တွေကို အချိန်နှင့်တပြေးညီဖြည့်ဆည်းရန် အင်မတန်ကိုလိုအပ်သည်။ ထိုသို့ဖြည့်ဆည်းရာတွင်လည်း သူတစ်ပါးကိုအပြစ်မဆိုပဲ မိမိကိုယ်တိုင် အခွင့်အလမ်းရှာဖွေတတ်ဖို့လိုသည်။ သူတစ်ပါးကိုအပြစ်တင်နေပါက သင့်အချိန်များ ပုတ်သွားမည်။ သို့သော်ယနေ့လူငယ် အားလုံးလိုလိုသည် သူတစ်ပါးကိုသာအပြစ်တင်တတ်ပြီး မိမိကိုယ်ရည်ကိုယ်သွေး, အရည်းအချင်းများကို ကိုယ်တိုင်ကိုယ်ကျဦးဆောင်ရန် စိတ်အားထက်သန်မှု နည်းပါးနေကြသည်။ သူများကဦးဆောင်မှာကို စောင့်စားနေတတ်ကြသည်။ သူများကလမ်းဖွင့်ပေးမှ လျှောက်မည်ဆိုသောစိတ်များက ကြီးစိုးနေကြသည်။
ဘဝဆိုသည်ကား ရုန်းကန်ခြင်း, ပြိုင်ဆိုင်ခြင်း, အောင်နိုင်ခြင်း, ကျရုံးခြင်းတို့နှင့် အလှည့်ကျလည်ပတ် စီးဆင်းနေခြင်းပင်။ လူငယ်တစ်ချို့ထံမှာ "တော်ပါပြီ ဆက်မလုပ်တော့ပါဘူး" ဆိုသောစကားသံများ မကြာခဏဆိုသလိုကြားနေရသည်။ သူတို့ဘဝတွင်ကျရုံးမှုနှင့် တွေကြုံသောအခါ လက်လျော့လိုသောကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသောသူမှာ အထက်သို့ဘယ်နည်းနှင့်မျှမရောက်နိုင်။ လက်လျှော့လိုက်လိုက်ခြင်းသည် မိမိကိုယ်မိမိလူရာမသွင်းခြင်း, စော်ကားလိုက်ခြင်းလည်းဖြစ်သည်။ မိမိ၏ကြိုးစားခဲ့သော ဖြစ်စဉ်တစ်ခုလုံးကို ( မိမိကြိုးစားခဲ့တာကို အလားကားပါ, သုံးစားရတာမဟုတ်ဘူး) မိမိကိုယ်တိုင်က လှောင်ပြောင်စော်ကားလိုက်ခြင်းပင်ဖြစ်သည်။ မိမိတွင်ကြိုးစားချင်စိတ်ရှိနေသေးသရွှေ့ ကျဆုံးသူမဟုတ်ပဲ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေသောလူတစ်ယောက်ပင်ဖြစ်သည်။
မိမိဘယ်လိုအခက်အခဲ အကျပ်အတည်းပဲကြုံတွေ့ပါစေ ဘယ်တော့မှနောက်မဆုတ် ( မရပ် ) လိုက်ပါနဲ့။ သင့်တွင်ကြိုးစားချင်စိတ်ရှိနေသရွှေ့, အခက်အခဲကိုကျော်ဖြတ်ချင်စိတ်ရှိနေသရွေ့ သင်ဟာအောင်မြင်မှု လမ်းကြောင်းပေါ်မှာရောက်နေသောလူဖြစ်သည်။ စာရေးသူဖတ်ဖူးသော ဇတ်လမ်းလေးတစ်ပုဒ်ကို ဖေါက်သည်ချလိုက်ပါအုန်းမည်။ ရွာတစ်ရွာမှာ အဖိုးအိုတစ်ဦးရှိသတဲ့။ သူ့မှာမြည်းအိုလေးတစ်ကောင်ရှိတယ်။ တစ်နေ့တော့အဖိုးအိုဟာ အပြင်ကိုသွားနေတုန်း မြည်းအိုလေးဟာ အိမ်အတွင်းက ရေတွင်းပျက်ထဲကိုကျသွားခဲ့တယ်။ အဘိုးအိုအိမ်ကိုပြန်လာတော့ မြည်းအိုလေးကိုမတွေ့တာနဲ့လိုက်ရှာလိုက်တာ ရေတွင်းပျက်ဆီရောက်တော့မြည်းအိုလေးရေတွင်းပျက်ထဲကျနေတာကိုတွေ့လိုက်ရတယ်။ အစကတော့ အဘိုးဟာမြည်းအိုလေးကို ကယ်ဖို့နည်းလမ်းရှာတယ်။ ပြီးတော့မှ မြည်းကလည်းအိုနေပြီဖြစ်တော့ နောက်နောင်ရေတွင်းပျက်ထဲကို ကလေးသူငယ်တွေပြုတ်မကျအောင် ရေတွင်းပျက်ကို မြေဖို့ဖို့ ပတ်ဝန်းကျင်ကိုအကူအညီတောင်းခဲ့တယ်။ ဒီလိုနဲ့ပတ်ဝန်းကျင်ကလူတွေက ပေါက်ပြား,ဂေါ်ပြားတွေနဲ့ မြေကြီးတွေကို ရေတွင်းပျက်ထဲကို ဖို့ကြတာပေါ့။ ဒီအခါမှာ မြည်းအိုလေးဟာ အင်မတန်မှကိုတုန်လှုပ်ခြောက်ခြားသွားခဲ့တယ်။ နောက်တော့မှ သူ့ကိုယ်ပေါ်ကိုကျလာတဲ့ မြေမှုန်တွေကိုကိုခါချပြီး သူ့ခြေထောက်အောက်ရောက်စေကာ တစ်ဖြည်းဖြည်းနဲ့ ရေတွင်းနှုတ်ခမ်းပေါ်ရောက်လာခဲ့တယ်။ သူလည်းအသက်ချမ်းသာရာ ရသွားခဲ့တယ်။
ဒီလိုပါပဲ စာရေးသူတို့တွေ့ကြုံနေရတဲ့အခက်အခဲ ကျရုံးမှုတွေဟာ မြည်းအိုပေါ်ကျလာတဲ့ မြေမှုန်တွေပါပဲ။ အဲ့ဒီမြေမှုန်တွေကို ကိုယ့်အပေါ်အတင်ခံနေသမျှတော့ အောင်မြင်မှုတွေသေဆုံးမှာပါပဲ။
အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေလာသောအခါ ထိုအခက်အခဲသည်မျှပင်အင်အားကြီးနေပါပလေ့စေ ကြိုးစားမှုကိုမရပ်လိုက်ပါနဲ့။ အခက်အခဲများကို မရပ်မနားပဲ ဇွဲအားခွန်ဖြင့် ကျော်လွန်နိုင်သော လူငယ်များဖြစ်ပါစေဟု ရည်သန်လျှက်……
0 comments:
Post a Comment