လူငယ်နှင့် မှန်ကန်သောရွေးချယ်မှု ၁
Knowledge to action
သျှင်နေမင်း ( စိုက် / မွေး )
" ကျွန်တော်ဘာလုပ်ရမလဲ။ " "ကျွန်မစိတ်လေနေတယ်ဆရာ…။ " "ကျွန်တော်ဘာကိုအဓိကရွေးချယ်ရမှန်းမသိဘူး ဖြစ်နေတယ်။" " ပညာရေးကိုပဲ ဆက်လိုက်ရမှာလား။ စီးပွားရေးကိုဘက်ကိုပဲ လိုက်ရမလားဖြစ်နေတယ်ဆရာ …" ဆိုပြီး စာရေးသူထံတိုက်ရိုက်မေးလာသော မောင်ငယ်, ညီမငယ်များ အတော်ကိုများနေပါပြီ။ ဒါကြောင့် သူတို့နဲ့ဆွေးနွေးမှုကနေဖြစ်ပေါ်လာတဲ့ " လူငယ် နှင့် မှန်ကန်သောရွေးချယ်မှု" ခေါင်းစဉ်ကို စာဖတ်သူလူငယ်တို့ထံ ဆောင်ကျဉ်းပေးလိုက်ပါတယ်။
မေးလာတဲ့လူငယ်လေးဟာ ပညာတတ်ဘွဲ့ရတစ်ယောက်ပါ ။ မြန်မာပြည်မှာနေပြီး ဧည့်လမ်းညွှန်လုပ်နေတယ်။ သူမှာဇဝေဇဝါဖြစ်နေတာကတော့ တစ်ခြားမဟုတ်ဘူးး။ သူ့ပညာရေးကိုပဲနိုင်ငံခြားမှာဆက်ပြီး လေ့လာရမှာလား။ မြန်မာပြည်မှာပဲဆက်ပြီး စီးပွားရေးလုပ်ရမလား ဝေဝါးနေတယ်။ " နိုင်ငံခြားထွက်ဖို့လုပ်နေတာလည်း ၂ နှစ်လောက်ရှိပြီ ဘာမှထူးမလာဘူးဆရာ, အဲ့ဒါအကြံလေးပေးပါအုန်းလို့ " ဆိုလာတယ်။ မြန်မာပြည်ကလူအများစုဟာ နိုင်ငံခြားထွက်မှ အလုပ်အကိုင်ကောင်းမယ် မိသားစုဝမ်းရေး, စီးပွားရေးအဆင်ပြေမယ်လို့ မှတ်ထင်ထားကြတယ်။ ဒါကိုမှားယွင်းတယ်လို့စာရေးသူမဆိုချင်ပါဘူး။ ဒါပေမယ့်မှန်လည်းမမှန်ဘူး။ ဒီလိုပြောတော့ စာဖတ်သူတွေအနေနဲ့ဘာလဲဟ ဆိုတာမျိုးတွေးကောင်းတွေးလိမ့်မယ်။
စာရေးသူကိုယ်တွေ့လေးနဲ့ဆွေးနွေးတင်ပြချင်ပါတယ်။ အထက်ပါလူငယ်လိုဇဝေဇဝါဖြစ်သူတွေ အများစုဟာ ဘွဲ့ရ, ပညာတတ်တွေများတယ်။ ဘွဲ့တစ်ခုခုကိုလည်း ပိုက်ထွေးထားတယ်, ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိဖြစ်ခါ အချိန်တွေကုန် လူကလည်းကြံရာမရဖြစ်နေကြတယ်မဟုတ်လား။ အဲ့ဒါတွေပျောက်ဖို့အတွက်အလုပ်တစ်ခုတော့လိုပြီ။ အလုပ်ဆိုပြန်တော့လဲ ဟိုအလုပ်ကငါ့ဘွဲ့နဲ့ မဆိုင် ဒီအလုပ်ကတော့မသင့်တော်ဘူး ဒီလိုအတွေးတွေကလည်းပိတ်ဆို့တားဆီးလာပြန်တယ်။ စာရေးသူရဲ့ သူငယ်ချင်းတွေထဲမှာတော့ အောင်မြင်သူတွေကပိုများနေတာတွေ့ရတော့ သူတို့ဘာကြောင့်အောင်မြင်လည်းဆိုတာကို တွေးမိသေးတယ်။ ဒီအကြောင်းကို ( proactive person and abortive person ) ဆိုတဲ့ခေါင်းစဉ်နဲ့ လူနှစ်မျိုးအကြောင်းကိုရေးသားခဲ့ပြီးပါပြီ။ အခုတစ်ခါ သူငယ်ချင်းတစ်ချို့အကြောင်းကိုဖောက်သည်ချလိုက်ပါအုန်းမယ်။
အမည်က နိုင်လင်း ခေါင်းကြီးလို့လည်းခေါ်ကြတယ်။ ခေါင်းကြီးဆိုတဲ့နာမည်ရလာပုံက တွေးခေါ်တာကောင်းလွန်းလို့တော့မဟုတ်ဘူး။ သူလုပ်လိုက်ရင်တစ်လွဲဖြစ်ဖြစ်သွားလို့။ သူ့ဝါသနာက ငယ်ကတည်းက စက်ပစ္စည်းအသေးအမွားတွေကို ဖြုတ်ပြီးပြန်တတ်ရတာဝါသနာပါတယ်။ သူ့အမေဝယ်ပေးတဲ့ သံပါတ်ကားလေးတွေ, ဓါတ်ခဲ့ကားလေးတွေကို တစ်ဆစီဖြုတ်ပြီး ပြန်တပ်တာ, အမြဲတမ်းအရိုက်ခံရတယ် သူလုပ်သမျှကပျက်ဆီးကုန်တာကိုး, ဒါကြောင့်သူ့အမေက သူ့ကိုခေါင်းကြီးလို့ခေါ်တာပဲ။ ကတ်စက်, ရေဒီယို အကုန်သူဖျက်တာကုန်တာပါပဲ။ သူအမေကလဲ သူ့အကြောင်းကိုသိတော့ နောက်အိမ်မှာ ဘာမှကိုမဝယ်တော့ဘူး။ ခေါင်းကြီး အလယ်တန်းရောက်တော့သူ့အဖေက စက်ဘီးတစ်စီးဝယ်ပေးတယ်။ သူကအဲ့ဒီစက်ဘီးကို ဆေးတွေခြစ်ခြ သူကြိုက်တဲ့ဆေးအရောင်တွေပြန်မှုတ်လုပ်တော့တာ။ သူ့အဖေကသူ့ကိုစိတ်ဆိုးပြီး ရိုက်တာတော်တော်အီသွားတယ်။ ဒါပေမယ့်သူ့စက်ဘီးဆေးအရောင်ကို သူ့သူငယ်ချင်းတွေကြိုက်ကြတယ်။ သူ့တို့စက်ဘီးတွေကိုလည်း ခေါင်းကြီးကိုဆေးမှုတ်ခိုင်းကြတယ်။ ခေါင်းကြီးက စာရေးသူတို့ရပ်ကွက်မှာတော့ စက်ဘီးပြင်ဆရာကြီးတစ်ယောက် ဖြစ်လာတယ်။ တစ်ကယ့်စက်ဘီပြင်စားသူတွေတောင်ခေါင်းကြီးကြောင့် လုပ်ငန်းက သိပ်မတွင်ကျယ်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ခေါင်းကြီးဆီသွားရင် ပိုက်ဆံမကုန်ဘူးလေ, လဲရမဲ့အပိုပစ္စည်းဖိုးပဲကုန်တာ။ ခေါင်းကြီးက ပြင်နေဖြုတ်နေတပ်နေရတာကိုပျော်နေတဲ့ကောင်လေ။
ဒီလိုနဲ့စာရေးသူတို့ ၁၀ တန်းရောက်လာကြတယ်။ စာရေးသူတို့ကတော့ စာမေးပွဲတွေအောင်ပြီး ဘဝအတွက် အဝင်သေးတဲ့အဝေးသင်ဆိုတာကိုသွားနေချိန်မှာ ခေါင်းကြီးကတော့ စာမေးပွဲကျပြီး ၁၀ တန်းလည်းထပ်မဖြေတော့ဘူး။ အလုပ်ကိုလည်းမယ်မယ်ရရဘာမှ ဒီကောင်မလုပ်ဘူး။ ဆိုင်ကယ်တစ်စီးဝယ် ဖြုတ်တပ်ပြီးရင်ပြန်ရောင်း, အမြတ်ကလေးရရင် အပိုပစ္စည်းလးတွေဝယ် နောက်ထပ်ဆိုင်ကယ် အဆုတ်တစ်စီးဝယ် ဒီလိုနဲ့လုံးလည်ချာလည်လိုက်နေတာ။ ပြီးခဲ့တဲ့နှစ်က စာရေးသူမြန်မာပြည်ပြန်တော့ စာရေးသူတို့ရွာထိပ်မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင်ကြီးတွေ့ခဲ့ရတယ်။ စာရေးသူစိတ်ထဲမှာတော့ အမယ်ငါတို့ရွာလည်းတော်တော်တိုးတက်လာတာ ဒီလောက်ကြီးတဲ့ ဆိုင်ကယ်အပိုပစ္စည်းဆိုင်တောင်ရှိနေပြီလို့တွေးနေတုန်း ဆိုင်ရှင်ဖြစ်သူကထွက်လာပြီးနှုတ်ဆက်တော့ အံ့သြသွားခဲ့တယ်။ အောင်မှာ ငတိသားခေါင်းကြီးက ဆိုင်ရှင်ဆိုပါလား ။ ကိုယ့်မျက်စိတောင်မယုံချင်ဖြစ်သွားတယ်။ ငါတို့မှာ နိုင်ငံခြားမှာအလုပ်လုပ်နေတာကြာပြီ ဒီကောင့်လောက် , ကုန်ကုန်ပြောရင်ဒီကောင့်ခြေဖျားလောင်တောင်မှီအောင် မချမ်းသာသေးဘူး။ စာဖတ်သူလူငယ်တွေ ခေါင်းကြီးက ၁၀ တန်းတောင်မအောင်ဘူးနော်။ ဒါပေမယ့်သူချစ်တဲ့အလုပ်ကို စွဲစွဲမြဲမြဲလုပ်သွားတယ်။
မင်းတို့ ငါတို့ကသာ ဘွဲ့လေးတစ်ခု, ဒီဂရီလေးတစ်ခုကိုင်ပြီး ကိုယ့်ကိုခိုင်းစားမယ့်သူကို လိုက်ရှာနေကြတာ။ အဲ့ဒီတော့ငါတို့က ခေါင်းကြီးလောက်တွေးခေါ်တတ်ကြလား။ သိပ်တွေးတာပေါ့။ တွေးလွန်းလို့ခက်နေတယ်လို့တောင်ပြောရမလိုဖြစ်နေတယ်။ မင်းတို့ကြီးပွားချင်တယ်ဆိုရင် ဘွဲ့တွေတစ်သီကြီးရဖို့မလိုဘူးထင်တယ်နော်။ ခေါင်းကြီးလိုကိုယ်လုပ်တဲ့အလုပ်ကို ချစ်မြတ်နိုးတတ်ဖို့ ဇွဲရှိဖို့ပဲလိုတယ်ဆိုရင် မင်းတို့တွေငြင်းကြမလား။ အဲ့ဒီတော့ကိုယ်က ကြီးပွားတိုးတက်ချင်တယ်ဆိုရင် ငါဝါသနာပါတာဘာလဲ။ အဲ့ဒီဝါသနာပါတဲ့အလုပ်ကို ကောင်းသတဲ့ကောင်းအောင်ကြိုးစား။ လိုအပ်တာကိုဖြည့်ဆည်း အမြဲတမ်းစူးစမ်းနေရင် မအောင်မြင်စရာအကြောင်းကိုမရှိဘူး။ အဲ့ဒီတော့ ဘွဲ့လက်မှတ်ကြီးကိုင်ထားပြီး သူများက ကိုယ့်ကိုရွေးချယ်တာကိုစောင့်မနေနဲ့တော့။ မင်းကိုယ်တိုင်ကပဲ ရွေးချယ်သူဖြစ်အောင် ကြိုးစားပေတော့…

လူငယ်နှင့် မှန်ကန်သောရွေးချယ်မှု ၂
Knowledge to action
သျှင်နေမင်း ( စိုက် / မွေး )
အရင်တစ်ပတ်ကတော့ လူငယ်တွေဟာ မိမိအောင်မြင်မှုကိုရအောင် ရွေးချယ်မှုလုပ်တော့မယ်ဆိုရင် မိမိဝါသနာပါရာကို တဇိုက်မှတ်မှတ်ကြိုးစားပမ်းစား ဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုရေးသားခဲ့ပြီးပါပြီ။ မိမိဝါသနာပါသောအလုပ်သည် ပျော်ရွှင်စိတ်ချမ်းမြေ့မှုသာမက စီးပွားရေး,လူမှုရေးပိုင်းတွင်လည်း အောင်မြင်မှုပေါင်းများစွာကိုပေးနိုင်စွမ်းရှိတယ်။ သို့သော်လူငယ်တော်တော်များများမှာ မိမိအူလိုက်သည်းလိုက်ဝါသနာပါသော အလုပ်ကိုရေရေရာရာ သေသေခြာခြာ တိတိပပ မသိကြပဲ ယောင်ဝါးဝါးနှင့်ဝေလေလေဖြစ်နေကြတယ်။ အဲ့ဒါကြောင့်လည်း မြေစမ်းခရမ်းပျိုးသလို ထီထိုးသလို အလုပ်ကိုမှန်းရမ်းလုပ်နေကြသည်မဟုတ်ပါလား။ ကံကောင်းလို့ထီပေါက်သလိုအောင်မြင်သူလည်းရှိနိုင်တယ်။ အင်မတန်ရှားပေလိမ့်မယ်။
မိမိဝါသနာပါတာကို တစ်ကယ်မသိရင် အောင်မြင်မှုရဖို့ဘာတွေကိုရွေးချယ်မလဲ။ ဒီမေးခွန်းဟာ စာဖတ်သူတို့အတွက်ခက်ခဲပါသလား။ စာရေးသူအနေနဲ့လည်း အစကတော့အင်မတန်ခက်ခဲခဲ့ပါတယ်။ သို့ပေမယ့် စာပေရဲ့ကျေးဇူးကြောင့် မျက်စိပွင့်နားပွင့်ခဲ့တယ်။ စာတွေ့နဲ့တင်မလုံလောက်သေးပေ။ လက်တွေ့အကောင်အထည်ဖေါ်ဖို့လည်းလိုအပ်တယ်။ စာရေးသူလည်း မိမိအသိကို လက်တွေ့ဖြစ်အောင်ကြိုးစားရုန်းကန်နေရသူတစ်ဦးပင်။ စာရေးသူဖေါ်ပြပြီးခဲ့သည့်အတိုင်း စာရေးသူတို့ဟာ ဘွဲ့, လက်မှတ်, သင်တန်းဆင်းလက်မှတ် များကိုင်ကာ မိမိကိုခိုင်းမည့်သူများကို အချိန်ကုန်ခံငွေကုန်ခံလိုက်ရှာနေကြသည် မဟုတ်ပါလား။ စာရေးသူ၏ သူငယ်ချင်းတစ်ယောက်ကြတော့အဲ့ဒီလိုမဟုတ်ပေ။ အမြဲဆိုသလို သူ့ပတ်ဝန်းကျင်တွင်ဘာတွေလိုအပ်နေသလဲကို အမြဲကြည့်ရှု့နေသူတစ်ဦးဖြစ်သည်။ ဘွဲ့ကို လူရိုသေ ,ရှင်ရိုသေဆိုသောသဘောဖြင့်ထာယူထားသူ ။သူ၏ရည်မှန်ချက်ကားရှိပြီသားဖြစ်တယ်။သူဖြစ်ချင်သည်က ငွေကြေးပြည့်စုံသောလူတစ်ယောက်။ သူငွေကြေးပြည့်စုံလျှင် သူ့ရည်မှန်းချက်က ပြည့်စုံပြီ။
သူမြင်သောပတ်ဝန်းကျင်လိုအပ်ချက်ကား မင်္ဂလာအခန်းအနားပြင်ဆင်ခြင်း, အလှူတွင်ပန်းကန်ခွက်ယောက်, တည်ခင်းသောစားပွဲခုန်ကုလားထိုင်များလိုခြင်း တို့ပင် ရွာနီးပတ်ဝန်းကျင်တွင် အလှူလုပ်ပြီဆိုလျှင် ဒီအခက်အခဲက အမြဲရင်ဆိုင်နေရသည်ကို သူသိမြင်သွားတယ်။ ဒါကြောင့် မည်သည့်သာရေး,နာရေးတွင်မဆို ဖိတ်စာကအစ အခမ်းအနားအပြင်အဆင် ပန်ကန်ခွက်ယောက်, တည်ခင်းစရာ စားပွဲကုလားထိုင်အပြင်, sound box , နောက်ဆုံး ဗီဒီယိုမှတ်တမ်းတင်ခြင်းကိုပါ တစ်ဦးတည်းလုပ်ကိုင်နိုင်ရန်ကြိုးစားခဲ့တယ်။ အရွယ်ငယ်သော်လည်း သူ့ပတ်ဝန်းကျင်လိုအပ်ချက်ကို ဖြည့်နိုင်သူတစ်ဦးဖြစ်သောကြောင့် တောရွာတွင်နေလင့်ကစား ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အတော်အသင့်ချမ်းသာသော သူတစ်ဦးဖြစ်လာသည်။ ဝါတွင်းမှအပ ကျန်ရက်များမှာ နားရသည်ဟူ၍ မရှိပေ။ ယနေ့သူ့ဝင်ငွေသည် တစ်ရက်လျှင်အနည်းဆုံး ၃ သိန်းအထက်မှာရှိနေပြီ။ နှစ်အနည်းငယ်အတွင်းမှာပင် တပည့်တပန်းများနှင့် သူကိုယ်တိုင်ဦးစီးနေသည်ကို အားကျဖွယ်ရာတွေ့မြင်ခဲ့ရတယ်။
အောင်မြင်ကျော်ကြားသူတို့ အကြောင်းကိုလေ့လာကြည့်ရင် သူတို့ဟာ လူအများလိုအပ်ချက်တွေကိုဖြည့်ပေးခဲ့တယ်ဆိုတာကို စာရေးသူတို့သိရှိခံစားနိုင်သည် မဟုတ်ပါလား။ အက်ဒီဆင်, ရိုက်ညီနောင်, ဟင်နရီဖေါ့ဒ်, ဘယ်ဂိတ်စ်, စတီဗင်ဂျော့ဘ် အစရှိသူတို့ဟာ သူများဘာလိုအပ်တယ်ဆိုတာကို သိမြင်ကာ အကောင်အထည်ဖေါ်ခဲ့လို့အောင်မြင်ခဲ့ခြင်းပင်။ စာဖတ်သူလူငယ်တို့လည်း မိမိပတ်ဝန်းကျင်မှာလိုအပ်နေသော အရာကိုမြင်အောင်ကြည့်နိုင်ရင် အောင်မြင်သော လူငယ်များဖြစ်လာမည်မှာအမှန်ပင်ဖြစ်ပေတော့မည်။ မိမိ၏ဗီဇအလျောက်ပါလာသော ဝါသနာကို ဝီရီယဖြင့်ပြင်းအားပေးကာ အသိဖြင့်ထိန်းမတ် အောင်မြင်သူများရှိကြသလို ပတ်ဝန်းကျင်၏ လိုလားချက်ကိုသိကာ ဖြည့်ဆည်းရင်း အောင်မြင်သူများလည်းရှိတယ်။ သင့်ဖြည့်ဆည်းမှုသည် ကြီးကျယ်ရင်ကြီးကျယ်သလောက် သင့်အောင်မြင်မှုသည်လည်း ကြီးကျယ်မြင့်မားပေလိမ့်မည်။ သင့်ဖြည့်ဆည်းမှုသည် အမည်ခံ ငါဖို့သာကြည့်ပြီး ဖြည့်ဆည်းပါက သင်တစ်ယောက် အောင်မြင်မှုနှင့်ဝေးရာ ရေတက်ငါးဇင်ရိုင်းလိုသာ ဖြစ်ပေလိမ့်မည်။
သင့်ဘဝအောင်မြင်ရေးအတွက် ရွေးချယ်စရာ အကောင်းဆုံးနည်းလမ်း ၂ ခုရှိတယ်။ ပထမတစ်ခုက မိမိဝါသနာပါရာကို အားစိုက် ဝိရိယထုတ် အသိနှင့်ယှဉ်ကာ ဆစ်ဇိုက်မတ်မတ်လုပ်ခြင်း နှင့် ဒုတိယတစ်ခုကတော့ မိမိပတ်ဝန်းကျင်လိုအပ်ချက်ကို စိတ်စေတနာအပြည့်ဖြင့် ရှာဖွေဖြည့်ဆည်းခြင်းဖြင့် ဘဝအောင်မြင်မှုကို ရယူသောနည်းဖြစ်တယ်။
ဒီ ၂ နည်းထဲက သင်ကြိုက်ရာရွေးပြီး သင်ကိုယ်တိုင်လည်းထွန်းလင်းနိုင်သလို သင့်ပတ်ဝန်းကျင်က လူတွေကိုလည်းထွန်းလင်းအောင်ဆောင်ရွက်နိင်လိမ့်မည်။
Be different!

0 comments:
Post a Comment