ရှက်စိတ် နှင့် ကြောက်စိတ် ( shyness and timidity )
လူငယ်များကျရှုံးရခြင်း အကြောင်းအရင်းမှာ ရှက်စိတ် ( shyness ) နှင့် ကြောက်စိတ် ( timidity ) တို့ကြောင့်ဖြစ်သည်။ ရှက်စိတ်ဆိုရာတွင် အရှက်မဲ့ခြင်း ( shameless) ကိုဆိုလိုခြင်းမဟုတ်ပါ။ မှန်တာပြောရမည်ကိုရှက်ခြင်း, မုန်သောအမှုကိစ္စကို လုပ်ရမည်ကို ရှက်ခြင်း, ကြောက်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။ လူငယ်တို့၏စိတ်ကူးယဉ် အိပ်မက်သစ်ပင်များမှာ ရှက်စိတ်နှင့် ကြောက်စိတ်ဆိုသော လောင်းရိပ်မိကာ ဘဝများမှာ တိုးတက်သင့်သလောက် မတိုးတက်ဖြစ်ခဲ့ရသည်ကများသည်။ အခွင့်အရေးများက တံခါးလာခေါက်သောအခါ မိမိတွင်အရည်အချင်း ရှိပါလျက်နဲ့ လက်လွတ်ဆုံးရှုံးရသည်ကို စာဖတ်သူလူငယ်တို့ကြုံဖူးကြပါသလား။ ကြုံဖူးသူက များပေလိမ့်မည်။
အင်တာဗျုးတစ်ခုကိုဖြေဆိုရန်အတွက် စိတ်လှုပ်ရှားကာ စိုးရွံ့နေခြင်းသည် ကျရှုံးရန် ၅၀ % ကသေခြာနေပြီ။ အင်တာဗျုးမလုပ်ခင်ကတည်းက ဇောချွေးများပြန်ကာ စိတ်ခြောက်ခြားမှုများဖြစ်နေပါက တစ်ကယ်အင်တာဗျုးခန်းထဲသို့ ရောက်သောအခါ အယောင်ယောင်အမှားမှားဖြစ်ကာ အခွင့်အရေးကို လက်လွတ်ရလိမ့်မည်။ တစ်ချို့ရုံးဌာနများတွင် လူတွေ့စစ်ဆေးခြင်း, ရေးဖြေစစ်ဆေးခြင်းတို့ကို ကြောက်ရွံ့သဖြင့် ရာထူးတိုးမဖြေဆိုပဲ စာရေးဘဝနဲ့ပင် သေသည်အထိနေသွားသူများရှိသည်။ မိမိအရည်အချင်းကို တရားသောနည်းလမ်းဖြင့်ဖေါ်ပြရန် ရှက်ကြောက်နေခြင်းကြောင့် ရှိရင်းစွဲ အရည်အသွေးတို့မှာ တိမ်ပါးသွားရသည်။ ပျောက်ကွယ် ဆိတ်သုန်းသွားရသည်။ ရှက်စိတ် နှင့်ကြောက်စိတ်များကို ပျောက်ကင်းအောင်မည်သို့လုပ်ဆောင်ရမည်နည်း။ တစ်ခြားနည်းလမ်းကား မရှိပါ။ များများမေးပါ။ မိမိမသိသောအရာ, နားမလည်သောအရာများကို သိရှိနားလည်သူတို့ထံတွင်မျာများမေးပါ။ တစ်ခါတစ်ရံ မိမိသိချင်သောအရာသည် အကျိုးအကြောင်းမဆီလျှော်သောမေးခွန်း ( silly question ) ဖြစ်နေတတ်သည်။ ထိုသို့သောအခါမျိုးတွင် လူကြီးသူမ တို့က ဆူကောင်းဆူနိုင်သည်။ ထိုသို့သော မေးခွန်းများကိုတော့ နောက်မမေးမိရန်ဆင်ခြင်ပါ။
မိမိလေးစားရသော ပုဂ္ဂိုလ်တစ်ဦးအား အမှတ်မထင်တွေ့သောအခါ လှိုက်လှိုက်လှဲလှဲမိမိက စ၍နှုတ်ဆက်ဖူးပါသလား။ အများစု လူငယ်တို့မှာ နှုတ်ဆက်ရန် ရှက်နေ ကြောက်နေကြသည်။ ရှက်စိတ် နှင့် ကြောက်စိတ်တို့က မိမိတို့၏ ခြေလှမ်းများကို ထိုသူ့ထံသို့ မသွားနိုင်အောင် ချည်နှောင်လိုက်သည်။ ထိုစိတ်ကပင် အင်မတန်စကားများသောသူကို ပါးစပ်ထဲသို့ အာစေးထည့်လိုက်သည့်ပမာ နှုတ်ဆိတ်ငြိမ်သက် စေသည်။ ဤသည်မှာ မဖြစ်သင့်သောကိစ္စ ဖြစ်သည်။ နှုတ်ဆက်ရန်မရှက်သောကြောင့် အောင်မြင်ကျော်ကြားသွားသောလူတစ်ဦးရှိခဲ့ဖူးသည်။ ထိုသူ၏ဘဝမှာ အင်မတန်ကြမ်းခဲ့သည်။ ဖခင်ဖြစ်သူမှာသူ့အသက် ၉ နှစ်တွင်သေဆုံးခဲ့သည်။ ဖခင်၏အလုပ်ဖြစ်သော အုတ်ဖုတ်ခြင်းအလုပ်ကို အသက် ၉ နှစ်သားကလေးဘဝကပင် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ လုပ်ကိုင်ခဲ့ရသည်။ ပညာရေးကိုလည်း သူများတန်းတူသင်ကြားခွင့်မရခဲ့ပေ။ ထိုသူကား အမေရိကန်သမ္မတ ၃၂ ယောက်မြောက် ဖရင့်ကလင် ဒီ ရို့စဗလက် ( Franklin D Roosevelt ) ၏အားထားရဆုံးသောသူ ဂျိန်း အေ ဖာလေ ( James A Farley ) ဖြစ်သည်။
ဂျိန်းသည် သူ၏ငယ်ဘဝကို အုတ်ဖုတ်သော လုပ်ကွက်ထဲမှာပင် ကုန်လွန်ခဲ့ရသည်။ သို့သော်သူ၏ထူးခြားချက်မှာ သူလေးစားသောလူပုဂ္ဂိုလ်များကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ခြင်းဖြစ်သည်။ ထိုသူများနှင့်ရင်းနှီးအောင်ကြိုးစားသည် ထိုသူတို့ထံမှ နည်းစနစ်များကိုမှတ်သားသည်။ လေ့လာသည်, ကြိုးစားအားထုတ်သည်။ သူသည် ကျောင်းပညာကိုမယ်မယ်ရရမတတ်ခဲ့ရသော်လည်း သူ့၏ လေ့လာမှုတို့ကြောင်း အသက် ၄၆ နှစ်တွင် တက္ကသိုလ်, ကောလိပ် ၄ ခုမှပေးသော ဘွဲ့ထူး ဂုဏ်ထူးများကိုရရှိခဲ့သည်။ သူ၏တစ်ခြား ထူးခြားချက်မှာ လူတစ်ဦးကို တစ်ကြိမ်ဆုံရုံမျှနှင့် နှစ်ကာလကြာသော်လည်း ထိုသူ၏ အမည်ကိုမှတ်မိနေခြင်းဖြစ်သည်။ အမေရိကန်တွင် နေရှင်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌအဖြစ်လည်းကောင်း, စာတိုက်မင်းကြီးအဖြစ်လည်းကောင်း ( the chairman of Democratic National Committee and Postmaster General of the United State )တာဝန်ထမ်းဆောင်ခဲ့သည်။ ယနေ့ထိတိုင်သူအားဂုဏ်ပြုပြီး သူ၏အမည်ဖြင့် စာတိုက်ကြီးတစ်ခု နယူယောက်မြို့တွင်ရှိနေသည်။
အချုပ်ဆိုရသော် မိမိဘဝတိုးတက်ရေးလမ်းကြောင်းကို ကြီးမားစွာပိတ်ပင်သည့်အရာမှာ ပတ်ဝန်းကျင်လည်းမဟုတ်, ရန်သူလည်းမဟုတ်ပဲ, သင်၏ရှက်စိတ်နှင့် ကြောက်စိတ်တို့ပင်ဖြစ်သည်။ လူငယ်တို့သည် ရှက်သင့်သည်ကိုမရှက်ပဲ မရှက်သင့်သည်ကိုရှက်နေကြသည်။ ကြောက်သင့်သည်ကိုမကြောက်ပဲ မကြောက်သင့်သည်ကိုကြောက်နေတတ်ကြသည်။ လူငယ်တို့လမ်းမမှားစေရန် လူကြီးမိဘတို့ကလည်း တည့်မတ်ပေးသင့်သည်။ စာရေးသူသည် ငယ်စဉ်က အမေးအမြန်းထူသူဖြစ်သည်။ ကျောင်းသားဘဝတွင် အကိုဖြစ်သူကိုအားကျကာ အင်္ဂလိပ်စကားကို ရူးရူးမှုးမှုးပြောတတ်ချင်ခဲ့သည်။ ဒါကြောင့်လည်းတစ်ဦးတည်း လေ့ကျင့်ပြောဆိုနေခဲ့သည်။ တစ်နေ့ကျောင်းတွင်ဆရာမက အင်္ဂလိပ်စာ သဒ္ဒါအားရှင်းပြရာ နားမလည်သဖြင့် ထမေးရာ နှုတ်မှ " Excuse me! Teacher! I don't understand. Can you explain me one more time please! " ထွက်သွားခဲ့ဖူးသည်။ ဘာပြောကောင်းမလဲ, ဘာမှပြောမကောင်းပါဘူး။ ဆရာမမှာ ဒေါကြီးမောကြီးဖြင့် " နင်အဲ့ဒီလောက်တတ်နေရင်, ငါကိုဘာလို့လာမေးနေလဲ, ပညာစမ်းတာလား, ထွက်သွား နင်ရှိရင်ငါစာမသင်ဘူး" ဆိုပြီးမောင်းထုတ်ခဲ့သည်။ လူငယ်တွေကို ရှက်စိတ်, ကြောက်စိတ်မရှိအောင် စာရေးသူက သာဓကများဖြင့် အားဖြစ်မည့်စာများကို တိုက်ကျွေးလျှက်ရှိသည်။ သို့သော် ဆရာမလို လူကြီးမျိုးကိုလည်း နားလည်မှုစွမ်းအားမြင့်တင်ရေး စာပေများကို များများဖတ်ရန် တိုက်တွန်းလိုက်ပါသည်။

0 comments:
Post a Comment