တစ်ဦးပေါ်တစ်ဦးအပြန်အလှန်လေးစားခြင်း ( mutual respect )
လူအများနေထိုင်သော ဤကမ္ဘာမြေကြီးသည် လူမျိုးပေါင်းစုံ, ဘာသာစကားပေါင်းစုံ, ယဉ်ကျေးမှုပေါင်းစုံနှင့် နှစ်သက်စရာ, လေ့လာစရာ, လည်ပတ်စရာ နေရာမျိုးစုံရှိသည်။ မတူညီခြင်းများကပင် အလှတရားဖြစ်နေကြသည်။ အလှတရားကိုခံစားတတ်သည်ကလည်း လူသားသတ္တဝါတို့တွင် တစ်ခြားသော တိရစ္ဆာန်တို့ထက်သာသည့်အချက်ပင်ဖြစ်သည်။ ထိုကဲ့သို့အလှတရားများနှင့် ကမ္ဘာမြေကြီးတည်မြဲဖို့ရန် မည်သည့်အရာက အဓိကလိုအပ်ပါသလဲ။ နိုင်ငံအချင်းချင်း, ခေါင်းဆောင်အချင်းချင်း, တိုင်းသူပြည်သားအချင်းချင်း, မိသားစုအချင်းချင်, ဆွေမျိုးအချင်းချင်း, ညီအကိုမောင်နှစ်မအချင်းချင်း, သူငယ်ချင်း အချင်းချင်း အပြန်အလှန်လေးစားမှု ( mutual respect ) ရှိရန်အထူးလိုအပ်ပါသည်။
တစ်ဦးပေါ်တစ်ဦးအပြန်အလှန်လေးစားမှုကို မည်သည့်အရာကပြပါသလဲ။ မိမိ၏ကိုယ်အမှုအယာ, နှုတ်အမှုအယာက အဓိကကျပါသည်။ လေးစားမှုအပြန်အလှန်မရှိသော တိုင်းပြည်များ, ခေါင်းဆောင်များ, တိုင်းသူပြည်သားများ, မိသားစုများ, ဆွေမျိုးညာတကာများ, ညီအစ်ကိုမောင်နှစ်မများ, သူငယ်ချင်းများသည် ဘယ်သောအခါမှ ငြိမ်းချမ်းခြင်းနှင့် သာယာသောဘဝမျိုးမရနိုင်ပေ။ လူအများစုသည် အပြန်အလှန်လေးစားမှုမရှိသောကြောင့် သူတို့လိုချင်သော ဘဝတိုးတက်မှု, တိုင်းပြည်တိုးတက်မှု, မိသားစုတိုးတက်မှု ( သာယာမှု ) များမရခြင်းဖြစ်သည်။ စာရေးသူသည် တိုင်းပြည်ခေါင်းဆောင်သူများကိုတော့ မဝေဖန်လိုတော့ပေ။ ထို့ကြောင့် သာမာန်မိသားစု ဥပမာလေးကိုစာရေးသူ ကိုယ်တွေ့နှင့်ဥပမာပေးလိုက်ရပါသည်။
စာရေးသူသည်အသက် ၁၈ နှစ်အရွယ်က ရုံးတစ်ရုံးတွင်အလုပ်လုပ်ဖူးသည်။ အလုပ်ထဲတွင် မဝင်းမာဆိုသောစာရေးမတစ်ယောက် ရှိသည်။ ( ပိုဂ္ဂိုလ်ရေးအရ နာမည်ကို လွဲရေးထားပါသည် ။ ) သူမအားဘာကြောင့်သတိထားမိရသလဲဆိုလျှင် သူမသည်သူမ၏ ယောင်္ကျားအကြောင်းကို မနက်ကနေညနေအထိ မမောနိင်မပန်းနိုင်တရဆက် ပြောနေခဲ့သောကြောင့်ပင်။ သူမယောင်္ကျား၏ ကောင်းကွက်များကိုပြောခြင်း လားလားမှမဟုတ်။ သူ့မ၏ယောင်္ကျားမှာ ဘယ်လိုအသုံးမကျကြောင်း, အရက်သောက်ဖို့သာတတ်ပြီး ဖခင်တာဝန်မကျေပြွန်ကျောင်း, သူ၏ဝင်ငွေဟာ သူ့အရက်ဖိုးတောင်မလောက်ကြောင်းကို ရှု့မငြီးဖွယ်ပြောနေခဲ့သည်။ တစ်ခါတစ်ရံတွင် အယုတ်တအညတ်တစကားများပင် ပါလာတတ်သေးသည်။ စာရေးသူသည်ထိုစဉ်က သူတို့၏ ကလေးကိုသနားမိခဲ့သည်။
စာရေးသူသည် ငယ်စဉ်ကပင် စာဖတ်ခြင်းကိုဝါသနာပါသူဖြစ်သည်။ စာဖတ်ရခြင်းသည် အသိတိုးရုံသက်သက်မဟုတ်, သိထားသောအသိများကိုလက်တွေ့သုံးရမည်ဟုလည်း လက်ခံထားသည်။ ထိုကြောင့် မဝင်းမာနှင့် ရင်းနှီးအောင်လုပ်ခဲ့သည်။ ပြီးတော့အလောင်းအစား တစ်ခုလုပ်ခဲ့သည်။ ထိုအရာကား မဝင်းမာ၏ယောင်္ကျားကို ၃ လအတွင်း လူကောင်းဖြစ်လာအောင်လုပ်ခြင်းပင်။ အနည်းဆုံးတိုးတက်မှုအနေဖြင့် သူ့ဝင်ငွေကို သုံးလအတွင်း မဝင်းမာအားအပ်နှံလျှင်ပင်စာရေးသူက အနိုင်ဟုသတ်မှတ်သည်။ လောင်းကြေးကတော့ သိပ်မများပါ။ ။ရှုံးသူက စာသောက်ဆိုင်တွင် နိုင်သူအားတစ်ဝကြွေးရမည်။ သို့ရာတွင်ထို ၃ လအတွင်းစာရေးသူ၏ စကားကို မဝင်းမာက နားထောင်ရမည်။ သူမလည်း သူမ၏ယောင်္ကျားလိမ္မာလာမည်ဆိုသော အကြောင်းနှင့်ပင် စာရေးသူ၏ တောင်းဆိုချက်ကို စိတ်ပါလက်ပါ လက်ခံခဲ့သည်။
ပထမခြေလှမ်းအနေဖြင့် မဝင်းမာအား ယောင်္ကျားတို့အမုန်းဆုံး အရာကို ပြောပြခဲ့သည်။ ထိုအရာကား ခရားရေလွတ်တတွတ်တွတ်ပြောခြင်း ( Nagging ) ပင်။ ထို့ကြောင့်အိမ်မှာကော ရုံးမှာပါ သူမ၏ယောင်္ကျားမကောင်းကြောင်းမပြောရဟု သဘော တူညီချက်ရခဲ့သည်။ ဝိသာခါ ကျောင်းအမကြီးကို ဗုဒ္ဓဟောကြားခဲ့သော အချက်လေးချက်မှ ၂ ချက်ကို ထပ်လောင်းပြောပြခဲ့သည်။ ( သိပြီးသောသူများအတွက် မရည်ရွယ်ပါ မသိသေးသူများ အတွက် ဖေါ်ပြလိုက်သည်။ )
၁။ အိမ်တွင်းမီးကိုလည်း အိမ်ပြင်သို့မသယ်နှင့်
၂။ အိမ်အပြင်ကမီးကိုလည်း အိမ်တွင်းသို့မသယ်နှင့်
အိမ်အတွင်းကမီးကို အိမ်အပြင်သို့မသယ်နှင့်ဆိုသော အဓိပ္ပါယ်မှာ မိမိ၏ယောင်္ကျား, ယောက္ခထီး,ယောက္ခမ, အိမ်သူအိမ်သားတို့၏ မကောင်းကြောင်းများကို အိမ်အပြင်ဘက် ပတ်ဝန်းကျင်တွင်မပြောလေနှင့်ဟု ဆိုလိုသည်။
အိမ်အပြင်ကမီးကို အိမ်အတွင်းသို့မသယ်နှင့် ဆိုသည်မှာ လင်ယောင်္ကျား, ယောက္ခထီး, ယောက္ခမ, အိမ်သူအိမ်သားတို့၏မကောင်းကြောင်းကို ပတ်ဝန်းကျင်ကပြောဆိုသံ ကြားသော် မည်သူက မည်သို့ပြောသည်ကို အိမ်တွင်း၌ ပြန်မပြောရန် ဆိုလိုသည်။ ဤ အချက်နှစ်ချက်မှာ အိမ်ထောင်စုတစ်စုတည်းကိုပင် ရည်ရွယ်သည်မဟုတ်ပေ။ နိုင်ငံအချင်းချင်းသာမက အလုပ်ခွင်နယ်ပယ်, လူမှုဆက်ဆံရေးနယ်ပယ်များ နှင့်ပါအကျုံးဝင်သည်။
ထိုအချိန်မှစ၍ မဝင်းမော်ထံမှ သူယောင်္ကျားမကောင်းကြောင်းပြောသံ သိပ်မကြားရတော့ပေ။ ( တစ်ခါတစ်ရံတော့ ကြားခဲ့ရသေးသည်။ )
ဒုတိယခြေလှမ်းအနေဖြင့် မဝင်းမော်အား နေ့စဉ်အရက်တစ်ပိုင်းဝယ်ကာ အိမ်၌ သူမယောင်္ကျားစားရန် အမြည်းများကို သူမကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ဖို့ရန် အကြံပေးခဲ့သည်။ ထို့အပြင် သူယောင်္ကျားအား အိမ်မှာပင်အရက်သောက်ရန် ချိုသာစွာပြောရန်ထပ်လောင်းပြောဆိုခဲ့သည်။ အစမှာတော့ သူ့မ၏ ယောင်္ကျားမှာ ဂဂျီဂချောင် ကြချင်ပေမယ့် နှစ်ပတ်အတွင်း ၌ပင်အိမ်ပြန်ချိန်မှန်လာသည်။ အရက်ကိုအိမ်တွင်သာ သောက်တော့သည်။ အိမ်တွင်သောက်လျှင်အမြည်းများများနှင့် အရက်ကိုဇိမ်ခံသောက်ရသည်မဟုတ်ပါလား။ ဘေးတွင်လည်းမိန်းမက ပြုံးပြုံးနှင့် သူအရက်သောက်နေစဉ်တွင် စကားပြောဖော်ရနေသည်မဟုတ်ပါလား။
တတိယခြေလှမ်းအနေဖြင့် မဝင်းမော်အား သူ့မယောင်္ကျားတော်ကြောင်း, လိမ္မာလာပြီဖြစ်ကြောင်းကို အိမ်မှာကော, ရုံးမှာပါပြောဖို့ရန်အကြံပေးခဲ့သည်။ မဝင်းမာလည်းအကြံပေးချက်အတိုင်း မလွဲမသွေလုပ်ခဲ့သည်။ ချီးမွှမ်းချက်, သူယောင်္ကျားပေါ်တွင်အထင်ကြီးလေးစားသည် ဟူသောစကားတွေ မဝင်းမော်နှုတ်မှထွက်ကျဖန် များလာတော့ သူမ၏ယောင်္ကျားမှာ အပြောင်းလဲကြီးပြောင်းလဲသွားသည်။ ညဆိုရင် အိမ်ကိုအချိန်မှီ ပြန်လာသည်။ သူရသောငွေကိုသူမိန်းမအားအကုန်အပ်သည်။ အရက်တော့မပြတ်။ သူတစ်သက်လုံးသောက်လာသော အရက်ကိုတော့မဖြတ်ပစ်နိုင်ပေ။
ထိုအလောင်းအစားတွင် စာရေးသူ နှစ်လကျော်ကျော်နှင့်ပင် အပြတ်အသတ်နိုင်ခဲ့သည်။ လောင်ကစားကအဓိကဆိုလိုရင်းမဟုတ်ပေ။ စာရေးသူပြောချင်သည်က အပြန်အလှန်လေးစားမှုပင်။ မဝင်းမာတို့မိသားစုအဆင်ပြေသာယာသွားသည်မှာ ( Mutual Respect ) အပြန်အလှန်လေးစားမှုကို ရရှိသွားသောကြောင့်ဖြစ်သည်။ စာဖတ်သူ သင်သည်သင့်မိသားစု ကိုပျော်ရွှင်စေလိုပါက သင့်မိသားစုတွင် သင်အပါအဝင် တစ်ဦးကိုတစ်ဦးအပြန်အလှန်လေးစားဖို့အထူးလိုသည်။ ထို့ကြောင့် သင့်ယောင်္ကျား, သင့်ဇနီး, သင့်သားသမီး, တစ်အိမ်တည်းအတူနေ ဆွေမျိုးတို့၏ လေးစားဖွယ် အချက်အလက်များကို ရှာဖွေပြီး လေးစားတတ်အောင်လုပ်ပါ။လူတစ်ဦးမှတစ်ဦးအပေါ် အမှန်တစ်ကယ်နှစ်နှစ်ကာကာ လေးစာနိုင်ကြပါစေ.......
PS
စာကြွင်းသည် ခေါင်းစဉ်နှင့်တော့မဆိုင်ပါ။ ပျော်ရွှင်စရာကောင်းပြီး တစ်ဦးကိုတစ်ဦးအပြန်အလှန် လေးစာမှုရခဲ့သော မဝင်းမာမှာ ထိုပျော်ရွှင်မှုကို ၆ လခန့်သာခံစားလိုက်ရသည်။ အရက်ကိုအရင်ကအလွန်အကျွံသောက်ခဲ့သော သူမ၏ယောင်္ကျားမှာ အရက်ကြောင့်ပင် လူ့လောကမှ ထွက်ခွာသွားခဲ့ရသည်။
သျှင်နေမင်း ( စိုက်/ မွေး )

0 comments:
Post a Comment